၃။ အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration) နှင့် ကြေညာလွှာတင်သွင်းခြင်း ( Filing)
 

အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration)

ဝင်ငွေခွန်
- ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင် ခွင့်ပြုချက် ရရှိ ပြီးပါက မှတ်ပုံတင်စဉ် ပေးထားသည့် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) ၊ (၂) ၊ (၃) သို့မဟုတ် လိပ်စာပါ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးနှင့် ဆက်သွယ် ၍ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ၊ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်းတို့ကို တင်ပြ၍ အခွန်ထမ်းအဖြစ် မှတ်ပုံတင်ရမည်။ (GIR  သို့မဟုတ်TIN)

ကုန်သွယ်လုပ်ငန်းခွန်
- လုပ်ငန်းစတင်လုပ်ကိုင်လျှင် လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာပုံစံပတခ(ကသခ)-၃ ဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အကြောင်းကြားရမည်။
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်လုပ်ငန်းဖြစ်လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးတွင် ပုံစံပတခ (ကသခ)-၁ ဖြင့် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်လွှာတင်သွင်းရပါမည်။ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်း လုပ်ငန်းရှင်မှတ်ပုံတင်ပုံစံ ပတခ(ကသခ)-၂ ကို ထုတ်ပေးပါမည်။

အထူးကုန်စည်ခွန်
- အထူးကုန်စည်ခွန် ထုတ်လုပ်၊ တင်ပို့လျှင် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးမှူးထံ အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် လျှောက်လွှာပုံစံ ပတခ(အထခ)-၁ ကို နှစ်စဉ် တင်သွင်းရပါမည်။ ဆိုင်ရာအခွန်ရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်း ပုံစံ(အထခ)-၂ကို ထုတ်ပေးမည် ဖြစ်ပါသည်။ (အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၁၅)
(formပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
- အခွန်ထမ်းဆောင်လျှက်ရှိသည့် ကုမ္ပဏီအဟောင်းများအနေဖြင့် မိမိကုမ္ပဏီစည်းကြပ်မှု ခံယူလျှက်ရှိသည့် သက်ဆိုင်ရာအခွန်ရုံးများတွင် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ရန်နှင့် အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် နှစ်စဉ် လျှောက်လွှာတင်ရမည်။
- အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်(SAS)ကျင့်သုံးသည့် ရုံးများတွင် စည်းကြပ် မှုခံယူလျှက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါအခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်(SAS)နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS Form)ပုံစံများကို အသုံးပြု ဆောင်ရွက် ရပါမည်။
(SAS form ပုံစံများကိုလည်းforms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)

Filing ကြေညာလွှာတင်သွင်းခြင်း

အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန် ကျသင့်သည့် ကုန်စည်များ တင်သွင်းသူသည့် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။ အထူးကုန်စည်ခွန် ကျသင့်သည့် ကုန်စည်များ ထုတ်လုပ်တင်ပို့သူသည် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ (အထခ)-၈ ကို မိမိကုမ္ပဏီစည်းကြပ်မှု ခံယူနေသည့်ရုံးသို့ သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း ပေးပို့ရမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊ နှစ်ချုပ် ကြေညာလွှာ တင်သွင်းရန် မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များထုတ်လုပ်၊ရောင်းဝယ်ခြင်းဖြစ်လျှင် သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ (ကသခ)- ၆ ကို လည်းကောင်း၊ သုံးလပတ် ကုန်ဆုံးပြီးနောက် တစ်လအတွင်း သက်ဆိုင်ရာစည်းကြပ်မှုခံယူနေသည့်ရုံးသို့ ပေးပို့ ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ရောင်းရငွေ / ဝန်ဆောင်မှုရငွေ (ကျပ်သိန်း ၅၀၀ ကျော်လျှင်) ယင်းနှစ်အတွက် အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာ ပုံစံပတခ(ကသခ-)၁၂ကိုလည်းကောင်း၊
 အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- ကုန်သွယ်လုပ်ငန်းခွန်နစ်ချုပ်ကြေညာလွှာပတခ(ကသခ)-၁၁ကဖြင့်လည်း ကောင်း၊
သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။

ဝင်ငွေခွန်ကြေညာလွှာ
    အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- ဝင်ငွေကြေညာလွှာပုံစံ ပတခ(ဝင)-၁ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာ အခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။ အခြေပစ္စည်းရောင်းချခြင်းမှ မြတ်စွန်း ငွေရရှိခြင်းဖြစ်လျှင် ရောင်းချ သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းအတွက်             ကြေညာလွှာဖြင့်သီးသန့် တင်သွင်းရပါမည်။
    အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- ဝင်ငွေခွန်အတွက် နှစ်ချုပ်ပုဂ္ဂိုလ်စုဝင်ငွေကြေညာလွှာ ပတခ(ဝင)-၁ခနှင့် တစ်ဦးချင်း     ဝင်ငွေခွန်ကြေညာလွှာ ပတခ(ဝင)-၁ကဖြင့်လည်းကောင်း၊
- အခြေပစ္စည်းမှ မြတ်စွန်းငွေအတွက် စုပေါင်းတင်သွင်းသည့် အခြေပစ္စည်းမှ     မြတ်စွန်းငွေ     ကြေညာလွှာ ပတခ(ဝင)-၁ဂ ဖြင့်လည်းကောင်း၊
တင်သွင်းရန်တာဝန်ရှိပါသည်။
- အခွန်စည်းကြပ်ခြင်းမပြုမီ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်သည့်     ဝင်ငွေ ကြေညာလွှာကို ပေးပို့နိုင်ပါသည်။
(formပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
- အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်(SAS)ကျင့်သုံးသည့် ရုံးများတွင် စည်းကြပ် မှုခံယူလျှက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါ အခွန်ထမ်းကိုယ်တိုင် အခွန် စည်းကြပ် သည့်စနစ်(SAS) နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS Form) ပုံစံများကို အသုံးပြု ဆောင်ရွက်ရပါမည်။
(SAS form ပုံစံများကိုလည်း forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)